Written by အောင်ကျော်ညို (ဆင်ချဆိပ်)
လူမှုနယ်ပယ်တွင် တာဝန်တစ်ရပ်အဖြစ် မဖြစ်မနေလိုက်နာကြရသောအရာကို စည်းကမ်းဟူ၍ခေါ်ဆို ပြီးဓလေ့ထုံးတမ်းစဉ်လာများနှင့် ကျင့်ဝတ်သိက္ခာများကို ကိုယ်ပိုင်အသိနှင့် ကျင့်ကြံခြင်းသည် ဝတ္တရား ဖြစ်သည်။ တစ်နည်းစည်းကမ်းဟူသည် ဦးနှောက်ပိုင်းဆိုင်ရာ သညာအသိဖြစ်ပြီး၊ ကျင့်ဝတ်ကားနှလုံး သားထိတိုင် စွဲမြဲတည်ရှိသောပညာအသိဖြစ်သည်။ ‘ဆေးလိပ်မသောက်ရ၊ ကွမ်းတံတွေးမထွေးရ’ သတိပေးစည်းကမ်းများတွင် နယ်နိမိတ်ကန့်သတ်ချက်ရှိသည်။ ကျင့်ဝတ်ကားနယ်ပယ်အပိုင်းအခြား မရှိသော သတိပေးစာတန်း ရေးစရာမလိုသောတစ်လောကလုံးနှင့်ဆိုင်သည့် ကိုယ်ကျင့်တရား၊ လော ကကိုစောင့်ရှောက်သည့် လောကပါလတရားဖြစ်သည်။
ဥပမာ “အားနည်းသောမိန်းမသားများကို မစော်ကားရ၊ ကာကွယ်စောင့်ရှောက်မှုပေးရမည်” ဟူသည် နှလုံးသားထဲတွင် စွဲမြဲထားပြီးသောလူသားအားလုံးနှင့် သက်ဆိုင်သောကျင့်ဝတ်သိက္ခာလူ့ဝတ္တရား ဖြစ်သည်။ စည်းကမ်းကောင်းတစ်ခုသည် အလေ့အကျင့်မှ အလေ့အထသို့တိုင် စွဲမြဲလာပြီဆိုပါက ဓလေ့ထုံးတမ်းစဉ်လာကောင်းတစ်ရပ် ဖြစ်လာခဲ့သည်။ ဤသည်မှာ လူ့ယဉ်ကျေးမှု၏ ဆင့်ကဲဖြစ်စဉ် နိယာမနမူနာကောင်းတစ်ရပ်ဖြစ်သည်။
သတ္တလောကတွင် အစုအဖွဲ့အဝိုင်းအဝန်းနှင့် မျိုးတူရာစုစည်းနေထိုင်နေခဲ့ကြသည်။ သမိုင်းဦးကာလမှ ယနေ့ထိတိုင် ဖြစ်ပါသည်။ အဝိုင်းအဝန်းနှင့် ဆက်နွှယ်ဖြစ်တည်လာသော ထုံးတမ်းစဉ်လာ ကျင့်ဝတ် သိက္ခာများနှင့် လောကကို အရိုင်းမှအယဉ်သို့ ဆင့်ကဲဆင့်ကဲပြောင်းလဲ တည်ဆောက်လာခဲ့ကြသည်။ လောကပါလတရားများနှင့် အလှဆင်ခဲ့ကြသည်။ ဘိုးဘွားမိဘများ တာဝန်ကျေခဲ့ကြပါသည်။
သို့သော် မိမိတို့လက်ထက် မျက်မှောက်ကာလတွင် စည်းကမ်းများ၊ ကျင့်ဝတ်များ ပျက်ယွင်းလာနေ သည်။ နယ်ပယ်အသီးသီးမှာ ပရမ်းပတာနေထိုင်မှုပုံစံ ခေတ်စားလာနေသည်။ ၂၁ ရာစုကိုပညာခေတ် ဟုတင်စားသတ်မှတ်ထားရာ အစဉ်လေ့လာသင်ယူနေမှ တော်ကာကျမည့်လူ့ဘောင်အဖွဲ့အစည်းမျိုး ဖြစ်သည်။ ကျားကုပ်ကျားခဲ အားမာန်အပြည့်နှင့် အားခဲကြိုးပမ်းရှိနေကြရမည့်အစား ယခုလိုပေါ့ပျက် ပျက်နှင့်ပရမ်းပတာနေထိုင်မှုပုံစံများသည် အနာဂတ်အတွက် ပြယုဂ်ကောင်းများမဝေးသော အတိတ်မှ စည်းကမ်းမဲ့ခဲ့မှုများ၏ ဒဏ်ရာဒဏ်ချက်ဟူသမျှကို မိမိတို့၏မိဘများ ခါးစည်းခံတာဝန်ယူပေးနေကြရ သည်။
မျက်နှာချိုသွေးရ၊ လက်ဝါးဖြန့်ရ၊ နာခံရနှင့် မျက်နှာပူစရာဘဝမျိုးမှ ရုန်းမထွက်နိုင်ဖြစ်နေကြရဆဲပါ။ ဖြစ်စဉ်ဖြစ်ရပ်ဟူသမျှ မူလဇစ်မြစ်ရှိစမြဲဖြစ်သည်။ အရင်းစစ်အမြစ်မြေမှာဆိုသလို မိဘဆရာသမားများ ဖြစ်ကြသည့် မိမိတို့၏အားနည်းချက်ဟု ဆိုရပါလိမ့်မည်။ အကြောင်းမှာယနေ့စည်းကမ်းကျင့်ဝတ် မလိုက်နာသူဟူသမျှ အိမ်တံစက်မြိတ်နှင့် ကျောင်းပရဝဏ်ကို ဖြတ်သန်းသွားကြသူချဉ်းဖြစ်ပါသည်။
မိဘဆရာတို့၏ မကောင်းမြစ်တာ ကောင်းရာညွှန်လက် . . . . အတတ်လည်းသင် ပဲ့ပြင်ဆုံးမ လောက ကျင့်ဝတ်များနှင့် သွန်သင်ဆုံးမမှုအောက်မှာ လူလားမြောက်သွားကြသူချည်းဖြစ်ကြရာ ရခိုင်ဘုရင်မင်း ထီး၏ အမိန့်ပြန်တမ်းမှ သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်းဆရာ့ခေါင်းဆိုသည်ကို ဝန်ခံ၊ လက်ခံနိုင်ကြရမည်သာ ဖြစ်ပါသည်။
တိုင်းပြည်ကိုချစ်လျှင် လူငယ်တွေကိုချစ်ရမည်ဆိုစကားအတိုင်း သူတို့လေးတွေ အနာဂတ်အတွက် ပြုစုပျိုးထောင်ပေးရသည်မှာ မိဘဆရာတိုင်း၏ အနှိုင်းမဲ့မေတ္တာနှင့် သမိုင်းပေးတာဝန်တစ်ရပ်ဖြစ် သည်။ သို့သော် ရလဒ်ကောင်းဖြစ်မလာဘဲ ခုတ်ရာတခြား၊ ရှရာတလွဲနှင့် ခဲလေသမျှ သဲရေကျ၊ အလ ဟဿဖြစ်လာနေရသည်မှာ လောကဓမ္မတာအရ အားသာချက်၊ အားနည်းချက်ဟူသည် ဖြစ်တတ်စမြဲ ဖြစ်သည်။ ခေတ်မမီသောအရာဆိုလျှင် ဖယ်ရှားကာ၊ ကောင်းကွက်ဟူသမျှ ပုံတူပွားလျက် ဝန်းကျင် လောကကို ဆန်းသစ်ကြရသည်။ လမ်းသစ်ထွင်ကြရမည်သာ ဖြစ်ပါသည်။
ကျောင်းဆရာဘဝမှာ သင်တန်းမျိုးစုံတက်ခဲ့ဖူးပါသည်။ အထူးသဖြင့် ပညာရေးဝန်ကြီးဌာနယူနီဆက် နှင့်ပညာတန်ဆောင်တို့ ပူးတွဲဖွင့်လှစ်သော သင်တန်းများတွင် ထူးခြားသောအတွေ့အကြုံများကို ရခဲ့ဖူးပါသည်။ ယင်းတို့အနက်တစ်ခုမှာ သင်တန်းကာလလိုက်နာသင့်သည့် စည်းကမ်းများကို သင် တန်းနည်းပြများသဘောနှင့် သတ်မှတ်ပေးခြင်းမရှိဘဲ သင်တန်းသားမိမိတို့ကိုယ်တိုင် ရွေးချယ်ချမှတ် ကြရခြင်းဖြစ်ပါသည်။
အကျိုးဆက်မှာ သင်တန်းပြီးဆုံးသည်အထိ စည်းကမ်းဖောက်ဖျက်သူ မရှိသလောက်ဖြစ်ပါသည်။ ဤနမူနာကောင်းကို ကျောင်းများတွင် ကျင့်သုံးလာပြီဆိုပါက စည်းကမ်းဟူသမျှ ရေးပြထားစရာမလို ဘဲထိရောက်မှုရှိလာလိမ့်မည်ဟု ယုံကြည်မိပါသည်။ သူတို့လေးတွေကိုယ်တိုင် ရွေးချယ်သတ်မှတ် ထားသော စည်းကမ်းကို သူတို့လေးတွေလေးစားလိုက်နာလာကြပါမည်။ ဤသို့ဖြင့်မိမိကိုယ်မိမိ တာ ဝန်ယူတတ်လာကြသော လူချွန်လူမွန်လေးများဖြစ်လာပြီး အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကောင်း တစ်ရပ်ပေါ်ထွန်းလာရမည်အမှန်ဖြစ်ပါသည်။
ကျောင်းတိုင်းတွင် ရေးထိုးထားသည့် အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းကဆောင်ပုဒ်သည် လည်း အနှစ်သာရပြည့်ဝပီပြင်လာမည်ဖြစ်ပြီး ပညာရေးဖြင့်တည်ဆောက်မည့် ခေတ်မီဖွံ့ဖြိုးတိုးတက် သောနိုင်ငံတော်သစ်ကြီးကို မိမိတို့အမှန်တကယ် မြင်တွေ့လာကြရမည်ဖြစ်ပါသတည်း။ ။
ကြေးမုံသတင်းစာ
မေလ(၂၇)ရက်၊ ၂၀၁၄ ခုနှစ်

0 comments:
Post a Comment