ငွေလဲလှယ်နေသူ အချို့အား တွေ့ရစဉ်
အောက်တိုဘာ ၂၉ ရက် ပြင်ပ နိုင်ငံခြား ငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာ
တန်ဖိုး ကျပ် ၁ဝ၂ဝ ဝန်းကျင်အထိ အမြင့်ဆုံး စံချိန်တင်မြင့်တက်လာကြောင်း
ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြား ငွေကြေးလဲလှယ်ရေးလုပ်ငန်း
လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ပြင်ပဈေးကွက်
အသိုင်းအဝိုင်းမှ သိရသည်။
အောက်တိုဘာ ၂၉ ရက်တွင် ဖြစ်ပေါ်နေသော တစ်ဒေါ်လာတန်ဖိုးမှာ သိမ်ဖြူငွေလဲကောင်တာ၌ ရောင်းဈေး ၁ဝဝ၈ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁ဝဝဝ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပငွေလဲနှုန်း နံနက်ပိုင်း အဖွင့်ဈေးတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေးကျပ် ၁ဝ၁၃ ဝန်းကျင်၊ ဝယ်ဈေး ၁ဝဝဝ ကျပ်ဝန်းကျင်တွင် ရှိနေခဲ့ပြီး ညနေအပိတ်ဈေးတွင် ရောင်းဈေး ၁ဝ၁၄ ကျပ်အထိ ဆက်တိုက်တက်လာခဲ့သည်။
ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် လေးကျပ်နှုန်းတိုး၍ သတ်မှတ်လာသော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းနှင့်အတူ ပို့ကုန်ရငွေတန်ဖိုးမှာ အောက်တိုဘာ ၂၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁ဝ၂ဝ ကျပ်အထိ အမြင့်ဆုံးမြင့်တက် လာခဲ့ကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာ ၂၉ ရက် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း ၁ဝဝ၆ ကျပ်နှင့် သိမ်ဖြူနိုင်ငံခြား ငွေလဲကောင်တာ၏ ရောင်းဈေး ၁ဝဝ၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁ဝဝဝ ကျပ်ဝန်းကျင်တို့မှာ ငွေလဲနှုန်း နှုန်းရှင်သတ်မှတ်ခဲ့သည့် ၂ဝ၁၂ ခုနှစ် ဧပြီ ၂ ရက်မှစ၍ နှစ်နှစ်ကျော်အတွင်း စံချိန်တင်ဈေးနှုန်းများသို့ ပထမဦးဆုံး စတင်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အောက်တိုဘာ ဒုတိယပတ် သိမ်ဖြူငွေလဲကောင်တာတွင် ရောင်းဈေး ၉၉၃ ကျပ်၊ ဝယ်ဈေး ၉၈၇ ကျပ်ဝန်းကျင်တွင် ရှိနေ၍ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ တန်ဖိုးမှာရောင်းဈေး ၉၉၂ ကျပ်၊ ဝယ်ဈေး ၉၈၈ ကျပ်တွင် ရှိနေခဲ့သည်။
အောက်တိုဘာ တတိယပတ်တွင် တစ်ဒေါ်လာတန်ဖိုး ကျပ် ၁ဝဝဝ ဝန်းကျင်သို့ မြင့်တက်ခဲ့ပြီး အောက်တိုဘာ နောက်ဆုံးပတ် ၂၇ ရက်မှစ၍ တစ်ရက်လျှင် လေးကျပ်နှုန်းဝန်းကျင်အထိ သိသာစွာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ယနေ့ဈေးနှုန်းသည် ၂ဝ၁၄ ခုနှစ် အတွင်း အမြင့်ဆုံး ဒေါ်လာတန်ဖိုး ရောက်ရှိခဲ့သော စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ကျပ် ၁ဝဝဝ ဝန်းကျင်ထက် ၁ဝ ကျပ်ဝန်းကျင်အထိ တစ်လခန့်အတွင်း စံချိန်တင် မြင့်ခဲ့ခြင်း ဖြစ်သည်။
http://news-eleven.com

0 comments:
Post a Comment