7 May 2014

သမဝါယမ ဝန်ကြီးဌာန ယခုနှစ်အတွင်း ကျပ်ဘီလီယံ ၁၉၀ ကျော်ချေးမည်

 
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ရည်ရွယ်ကာ ကျေးလက်ဒေသ များတွင် ချေးငွေများ ထုတ်ချေးပေးနေသော သမဝါယမ ဝန်ကြီးဌာနက ယခုဘဏ္ဍာနှစ်အတွင်း ချေးငွေ ကျပ်ဘီလီယံ ၁၉၀ ကျော် ထုတ်ချေးမည် ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးဇော်မျိုးက ပြောကြားသည်။

သမဝါယမ ဝန်ကြီးဌာနသည် ပြည်တွင်းတွင် အသေးစားချေးငွေများ ထုတ်ချေးရန် တရုတ်နိုင်ငံ EXIM ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ချေးယူထားပြီး ယခုနှစ် မိုးရာသီတွင် ထုတ်ပေးမည့် ကန်ဒေါ်လာ သန်း ၅၀ အပါအဝင် ယခုနှစ်အတွင်း ကျပ်ဘီလီယံ ၁၉၀ ကျော် ထုတ်ချေးမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM ဘဏ်ထံမှ ချေးယူထားသည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထဲမှ တစ်ဝက်ကို ပြီးခဲ့သည့် ဆောင်းသီးနှံ ကာလက ထုတ်ချေးခဲ့ပြီး ကျန်တစ်ဝက်ကို မေလမှ စ၍ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ထုတ်ချေးနေကြောင်း ၎င်းကဆိုသည်။ သမဝါယမ ဝန်ကြီးဌာနက ချေးငွေများ ထုတ်ချေးရာတွင် အမှန်တကယ် လိုအပ်နေသော ပြည်သူများကို ထုတ်ချေးရန်အရေးကြီးကြောင်း ပြည်သူ့လွှတ်တော်ဘဏ်များနှင့်
 ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးသန့်စင်က ပြောကြားသည်။

သမဝါယမ ဝန်ကြီးဌာနသည် ချေးငွေ လုပ်ငန်းများအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ EXIM ဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို အတိုး ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးယူထားသည်။
ယင်းချေးငွေများကို ၁၀ နှစ် ပေးဆပ်ရမည် ဖြစ်ပြီး ပြန်လည်ဆပ်ရမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၅ သန်းနှင့် ညီမျှသည့်အတွက် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း သမဝါယမ ဝန်ကြီးဌာနက လုပ်ဆောင်ခဲ့သော လုပ်ငန်းများ အကျိုးရှိမရှိကို ပြန်လည် ဆန်းစစ်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ကြ သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ် (၂၀၁၃−၂၀၁၄) အတွင်း သမဝါယမ ဝန်ကြီးဌာနက ချေးငွေ ကျပ် ၁၄၅ ဘီလီ ယံကျော် ထုတ်ချေးခဲ့သည်။

The Voice Weekly

0 comments:

Post a Comment