7 May 2014

အမှိုက်ကောက်မည့် စည်ပင် ကတိမတည် နာရေးကူညီမှုအသင်း အမှိုက်ကောက်မည်


နာရေးကူညီမှုအသင်း (ရန်ကုန်)က စည်ပင်သာယာကော်မတီ၏ ကတိမတည်မှုကြောင့် မကြာမီ တစ်နိုင်ငံ လုံးအတိုင်းအတာနှင့် အမှိုက်ပြန်လည်ကောက်ယူတော့မည်ဖြစ်သည်ဟု နာရေးကူညီမှုအသင်း၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က မေ ၆ ရက်တွင် FFSS ရုံးချုပ်၌ ကျင်းပသည့် “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုန်” အစည်းအဝေးတွင် ပြောသည်။ ၂၀၁၃ ခုနှစ်အတွင်းက နာရေး ကူညီမှုအသင်း(ရန်ကုန်)အနေဖြင့်ရန်ကုန်မြို့အတွင်းအမှိုက်ရှင်းလင်းရေးအတွက်ကောက်ယူမှုများလုပ်ဆောင် ရာတွင် စည်ပင်သာယာရေးကော်မတီ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက တားမြစ်ခဲ့ပြီး လပိုင်းအတွင်းအမှိုက်များကောက်ယူသွားမည်ဟုဆိုခဲ့ခြင်းကြောင့်တစ်နှစ်ခန့်ကြာသည်အထိလုပ်ဆောင်ခြင်း မရှိသည့်အတွက် နာရေးကူညီမှုအသင်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ် သည်ဟု ၎င်းက ပြောသည်။
 
ဒေါ်သန်းမြင့်အောင်က “မနှစ်တုန်းကကျွန်မတို့ကအမှိုက်လိုက်ကောက်တယ်၊ အစိုးရဌာနဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကခေါ်တားမြစ်တယ်။ သူတို့ လပိုင်းအတွင်း ဆောင်ရွက်မယ်ဆိုပြီး လပိုင်းအ တွင်း ကြေညာတယ်။ အခု ၁၁ ရက်ဆို တစ်နှစ်ပြည့်ပြီ။ အကောင်အထည် မပေါ်လာဘူး” ဟုပြောသည်။
အမှိုက်ကောက်ယူရေးအစီအစဉ်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း)၊၄၂ရပ်ကွက်တွင် စတင်လုပ်ဆောင်သွား မည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ အခြားမြို့နယ်များတွင် ဆက်လက် ကောက်ယူမည်ဖြစ်ပြီး တစ်နိုင်ငံလုံးသို့ ဖြန့် ကျက်လုပ်သွားမည်ဖြစ်သည်။ ၂၀၁၃ခုနှစ်၊ မေလ ၁၁ ရက်တွင် နာ ရေးကူညီမှုအသင်း (ရန်ကုန်)မှ ဗဟို အလုပ်မှုဆောင်များက ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပအ၀ိုင်း ကားဂိတ်များတွင် အမှိုက်ကောက်ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အမှိုက်မကောက် ရန် ခေါ်ယူတားမြစ်ခဲ့သဖြင့် အမှိုက်ကောက်ယူမှုလုပ်ငန်းစဉ်များ
ကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

အသင်း၏အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေက “အစိုးရကို စော်ကားတာမဟုတ်ဘူး၊ အစိုးရက နေရာတိုင်း မလုပ်နိုင်တာရှိတယ်။တစ်ဖက်တစ်လမ်းကနေအစိုးရကိုရောကူညီရင်း ပြည်သူတွေကိုပါဝင်လာအောင် ဆောင် ရွက်ပေးနေတာပါ” ဟု ပြောသည်။ အမှိုက်ကောက်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏ အကူအညီရ ရှိနိုင်ရန် ညှိနှိုင်းပြောဆိုပြီး စတင် ကောက်မည့်ရက်ကို အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု လည်း ဒေါ်မြင့်မြင့်ခင်ဖေက ပြောသည်။

အမှိုက်ကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ငွေကြေးများစွာ အသုံးချနိုင်မည် မဟုတ်ဘဲ အမှိုက်လိုက်လံကောက်ယူမည့် အဖွဲ့အစည်းများအနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျင့်သားရစေ ရန်ဟု ဒေါ်သန်းမြင့်အောင်က ဆိုသည်။

နာရေးကူညီမှုအဖွဲ့ဝင်အချို့မှာလည်း ကိုယ်ပိုင်ကားများဖြင့် အမှိုက်လိုက်လံကောက်ယူမှုများပြုပြီး ထို အမှိုက်များထဲမှ စနစ်တကျစွန့်ပစ်ရမည့်ပစ္စည်း၊ ပြန်လည် ချေဖျက်ကာ အသုံးပြုနိုင်မည့်ပစ္စည်း၊ ဆေးရုံမှ စွန့်ပစ်သည့် အန္တရာယ်ရှိသည့်ပစ္စည်းဟူ၍ ခွဲခြားထုပ်ပိုးမှုများလုပ်ကာ ပြန်လည် ချေဖျက်ရသည့်ပစ်္စည်းများမှ ၀င်ငွေများအား ချို့တဲ့သည့် ကလေးသူငယ်များ၊ ကျောင်းများသို့ လှူဒါန်းမှုပြုလုပ်နေသည်မှာ ၁၀ သိန်းဝန်း ကျင်ခန့်ရှိနေပြီဖြစ်သည်ဟု ဆောင်ရွက်နေသူ ကိုထိန်အောင်လင်းက ပြောသည်။

Mizzima - News in Burmese

0 comments:

Post a Comment