7 May 2014

မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်စနစ်အတွက် အကြံပြုချက်များ တောင်းခံ


 ပြည်တွင်းတွင် မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်စနစ်များနှင့် ပတ်သက်ပြီး ပြည်သူများဘက်မှ အကြံပြုလိုသည့် အချက်များကို မေ ၅ ရက်မှ ၁၉ ရက်အထိ ကောက်ခံသွားမည်ဖြစ်သည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက နိုင်ငံပိုင်သတင်းစာများကတစ်ဆင့် ကြေညာထားသည်။
မိုဘိုင်းအော်ပရေတာများက ဆင်းမ်ကတ်များ ရောင်းချရာတွင် ကျင့်သုံးမည့် အချက်အလက်များ အပေါ် အများပြည်သူဘက်က အကြံပြုတင်ပြနိုင်မည်ဖြစ်ပြီး အကြံပြုတင်ပြလွှာများကို www.mcit.gov.mm တွင် ရယူနိုင်မည်ဖြစ်ကာ မေလ ၁၉ ရက်၊ ညနေ ၄နာရီ ၃၀ မိနစ်နောက်ဆုံးထားပြီး အကြံပြုချက်များ ပေးသွင်း နိုင်မည် ဖြစ်သည်ဟု ဖော်ပြထားသည်။
 
 မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့် စနစ်နှင့်ပတ်သက်ပြီး လက်ရှိကျင့်သုံးနေသည့် အရောင်းစနစ်များကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး ပြည်သူလူထုထံ ပေးအပ်နိုင်မည့် ၀န်ဆောင်မှုကို အမှန်အတိုင်း ကြို တင် တင်ပြထားသင့်သည်ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။၎င်းက “လက်ရှိအစိုးရကျင့်သုံးနေတဲ့ မိုဘိုင်းဆင်းမ်ကတ် ရောင်းတဲ့စနစ်တွေကို ပြုပြင်ပြောင်းလဲပစ်ရမယ်။ ဘယ် Service (၀န်ဆောင်မှု) လိုချင်ရင် ဈေးနှုန်းဘယ်လောက်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားရမယ်။ ပြည်သူကို မျှော်လင့် ချက်ပေးထားပြီး ဖြစ်မလာရင် ယုံကြည်မှု လျော့သွားမယ်” ဟု ဆိုသည်။


ဒေသအလိုက် လိုအပ်သည့်ပမာဏကို တစ်ပြိုင်နက်ချထားနိုင်ရန်လိုအပ်ပြီး အရေအတွက်အကန့်အသတ် ဖြင့် ရောင်းချပါက အဆင်မပြေမှုများ ကြုံတွေ့နိုင်သည်ဟုလည်း ၎င်းက ဆက်လက်သုံးသပ်သည်။

“ရန်ကုန်အတွက် အရေအတွက် ဘယ်လောက် လိုသလဲ။ လိုအပ်တဲ့ ပမာဏကို တစ်ပြိုင်နက် ချပေးနိုင်ရ မယ်။ ရန်ကုန်က ဘယ်လောက်၊ ကျန်တဲ့နေရာတွေက ဘယ်လောက် ကန့်သတ်ချပေးနေဦးမယ်ဆိုရင် အဆင်မပြေဘူး။ လိုအပ်သလောက်ကို ဖွင့်ရောင်းနိုင်ရမယ်” ဟု ပြောသည်။

မိုဘိုင်းအော်ပရေတာများဘက်မှ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို လေ့လာပြီး တစ်နိုင်ငံလုံးအနှံ့ ၀န်ဆောင်မှုကောင်းများ ဖြန့်ကြက်ပေးနိုင်ရန် ဆောင်ရွက်သင့်သည်ဟုလည်း Samsung ကုမ္ပဏီက အကြီးတန်းဈေးကွက် ရှာဖွေရေးအရာရှိ ကိုသီဟလုလင်က သုံးသပ်သည်။

ကိုသီဟလုလင်က “ပြည်သူတွေဘက်ကို အကြံပြုချက် ကောက်တယ်ဆိုတာ အရမ်းကောင်းပါတယ်။ ဒါမှ အသုံးပြုသူတွေ ဘာတွေလိုအပ်တယ်ဆိုတာကို သိရမယ်။
 
 အော်ပရေတာတွေဘက်ကလည်း လိုအပ်တာ တွေကို ပြင်ဆင်နိုင်မယ်။ ဒေသတွင်း ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လေ့လာပြီး တစ်နိုင်ငံလုံးအနှံ့ ၀န်ဆောင်မှု ကောင်းတွေ ပေးနိုင်အောင် လုပ်ရပါမယ်။ ဆင်းမ်ကတ် အရောင်းကိုတော့ လွတ်လွတ် လပ် လပ်ဖွင့်ပြီး ရောင်းစေချင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။မြန်မာနိုင်ငံတွင် ဖုန်းအသုံးပြုမှု ၀န်ဆောင်ခ ကောက်ခံသည့်စနစ်ကို မိုဘိုင်းဖုန်းခေါ်ဆိုမှုနှင့် Data အသုံး ပြုမှု သီးခြားကောက်ခံသင့်သည် ဟုလည်း စီးပွားရေးဆောင်းပါးများ ရေးသားသူ ပညာရှင်တစ်ဦးက သုံး သပ်သည်။ “Service Plan ကို ခွဲခြားပြီး ကောက်ခံသင့်တယ်။ ဖုန်းသီးသန့်အသုံးပြုမှုနဲ့Data အသုံးပြုမှုက ခွဲခြားပြီး ကို ကောက်ရမှာ။ အများတတ်နိုင်တဲ့ ဈေးနှုန်းဖြစ်ပြီး စီးပွားရေး အကျိုးရှိမယ့် ဈေးနှုန်းတစ်ခုကို သတ်မှတ် ရမယ်” ဟု ၎င်းက သုံးသပ်သည်။

Mizzima - News in Burmese


0 comments:

Post a Comment